E-Business

Tuesday,11 Sep 2012

ယနေ့တိုးတက်လာသော ခေတ်ရေစီးကြောင်းမှာ စီးပွားရေးလုပ်ငန်းအသွင်အပြင်ဟာ ယခင်စျေးရောင်းစျေး ဝယ်ပုံစံမျိုး မဟုတ်တော့ပဲ E-Business လို့ခေါ်တဲ့ အင်တာနက်အခြေပြုစီးပွားရေး လုပ်ငန်းဖက်သို့ ကူးပြောင်းလာခဲ့ပါတယ်။ ထို့အတွက် ကောင်းမွန်သော ရလဒ်ကောင်းများရှိသလို နစ်နာဆုံးရှုံးမှုများလည်း အပြိုင်ရှိလာခဲ့ပါတယ်။ အကောင်းမြင်အနေဖြင့် ကြည့်မည်ဆိုပါက အင်တာနက်စီးပွားရေးစနစ်ကြောင့် နိုင်ငံအများအပြားသို့ မိမိတို့၏ စီးပွားရေးလုပ်ငန်းနှင့် ထုတ်ကုန်များကို အချိန်နှင့်တပြေးညီ အွန်လိုင်းတွင်ဖော်ပြပေးနိုင်ခြင်း၊ လုပ်ငန်းစုအချင်းချင်း ဆက်သွယ်ရလွယ်ကူလာခြင်း၊ သတင်းအချက်အလက်များစွာကို အချိန်တိုအတွင်းရရှိနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများစွာရှိပါတယ်။ အားနည်းချက်အနေနဲ့ကတော့ အွန်လိုင်းလုံခြုံရေးဆိုင်ရာ Security ကိုဂရုစိုက်ရခြင်း၊ ကွန်ပျူတာနှင့် အင်တာနက်ရဲ့ သဘောသဘာဝကို လေ့လာရခြင်း စတာတွေတော့ရှိပါတယ်။

အင်တာနက်စီးပွားရေးစနစ် E-Business စနစ်တွင် သာမန်ကုန်ပစ္စည်းများရောင်းဝယ်ခြင်းသာမကပဲ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့် အခြားသော ICT လုပ်ငန်းစဉ်များအားလုံး ပါဝင်ပါသည်။ ဥပမာအားဖြင့် အွန်လိုင်းစာသင်ကြားရေး စနစ်များ၊ ရုပ်ရှင်နှင့်ဂီတဆိုင်ရာဖျော်ဖြေရေးအစီအစဉ်များ၊ ကြော်ငြာများ၊ အီလက်ထရောနစ် Device များ အစရှိသဖြင့် ရောင်းဝယ်ရေးလုပ်ငန်းစဉ်များ၊ စျေးကွက်အခြေအနေနှင့် ဝယ်လိုအားအခြေအနေများ၊ လူကြိုက်အများဆုံး ကုန်ပစ္စည်းများစတာတွေကို အချိန်တိုအတွင်းလေ့လာနိုင်ပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အွန်လိုင်းအသုံးပြု စီးပွားရေးစနစ်ဟာလည်း ကျယ်ပြန့်လာခဲ့ပါတယ်။ E-Business နှင့် အပြိုင် ထပ်မံပေါ်ပေါက်လာတာကတော့ Online Shopping ဖြစ်ပါတယ်။ ထိုစနစ်ကတော့ အွန်းလိုင်းမှတဆင့် မိမိနှစ်သက်ရာကုန်ပစ္စည်းများကို အချိန်နှင့်တပြေးညီ ဝယ်ယူနိုင်ခြင်းဖြစ်ပြီး ၄င်းဟာ E-Commerce အသွင်ကိုဆောင်ပါတယ်။ ထိုသို့ Online Shopping အတွက် E-Shop, E-Store, Web-Shop, Web-Store အစရှိသဖြင့် ဝန်ဆောင်မှုပေးသော ကုမ္ပဏီများစွာရှိပါတယ်။ ထိုကဲ့သို့သော Online Shopping မှ တဆင့်ဝယ်ယူခြင်း၊ ကုမ္ပဏီများမှ ဝန်ဆောင်မှုပေးခြင်း အစရှိသည့် လုပ်ငန်စဉ်ကို E-Business-to-Consumar (B2C) စနစ်ရယ်လို့ အမည်ပေးထားပါတယ်။ တစ်ခါတစ်ရံမှာ သေးငယ်သောကုန်ပစ္စည်းများသာ မကပဲ ကုမ္ပဏီအချင်းချင်းဝယ်ယူမှုများ၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ရှယ်ယာပြုလုပ်ခြင်းများ၊ အစရှိသဖြင့် Business-to-Business (B2B) တို့လည်းရှိပါတယ်။ အင်တာနက်စီးပွားရေးနဲ့ပတ်သက်လို့ နောက်ထပ်ထူးခြားချက်တစ်ချက် ရှိပါတယ်။ အဲ့ဒါကတော့ စျေးနှုန်းများကို နှိုင်းယှဉ်ဝယ်ယူနိုင်ခြင်းမျိုးဖြစ်ပြီး ၄င်းဟာ Shopping Search Engine ကို အသုံးပြုထားတဲ့ နည်းစနစ်တစ်ရပ်ဖြစ်ပါတယ်။ ထိုစနစ်ဟာ ကုန်ပစ္စည်းတစ်မျိုးနှင့်ပတ်သက်ပြီး မတူညီတဲ့စျေးနှုန်းနှင့် ဝန်ဆောင်မှုစနစ်များကို ဖော်ပြပေးနိုင်သည့် Search Engine မျိုးဖြစ်ပါတယ်။ ဒီတော့ ဝယ်ယူသူအတွက်ကတော့ အလွန်ကိုကောင်းမွန်တဲ့ စနစ်ဖြစ်ပါတယ်။ ရောင်းသည့် ကုမ္ပဏီအနေနှင့် ယှဉ်ပြိုင်ရောင်းချရခြင်း၊ စျေးနှုန်းအတိအကျသတ်မှတ်ထားရခြင်း၊ အမြတ်အစွန်း အများကြီးယူလို့မရခြင်း စတာတွေ၊ ကြုံတွေ့ကြရပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ အပြိုင်စနစ်ကြောင့် ကုန်အရည်အသွေးနှင့် ကုမ္ပဏီနဲ့နည်းပညာတိုးတက်လာမှုတွေကတော့ ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် Competitive Intelligence (CI) လို့ခေါ်တဲ့ စျေးကွက်အတွင်းရှိ ဝယ်လိုအားအခြေအနေကို အမြဲတစေစောင့်ကြည့်ရခြင်း၊ စျေးကွက်စနစ်ကို Analyze ပြုလုပ်ရခြင်း၊ အခြားထုတ်ကုန်များ၊ ပြိုင်ဘက်ကုမ္ပဏီများ၊ Customer များရဲ့ အခြေအနေကို လေ့လာသုံးသပ်ရခြင်း အစရှိသဖြင့် ကုမ္ပဏီများအကြား ယှဉ်ပြိုင်ရောင်းချရသော စနစ်ဖြစ်ပါတယ်။ ဒီတော့ Web Page များမှ တဆင့်ကြော်ငြာရောင်းချခြင်းစနစ်သည် စားသုံးသူအများအပြားကို စွဲဆောင်နိုင်သလို ယှဉ်ပြိုင်ရောင်းချရသော ကုမ္ပဏီအများအပြားနှင့်လည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အင်တာနက်မှတဆင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဟာ ကျွန်ုပ်တို့နိုင်ငံမှာလည်း ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ဥပမာ – ကုန်ပစ္စည်းများကို တိုက်ရိုက်ရောင်းချရခြင်းမျိုး မဟုတ်သည့်တိုင်အောင် သတင်းအချက်အလက်များမှတဆင့် စီးပွားရေးအသွင်ကို ဦးဆောင်လာခဲ့ပါပြီ။ လူငယ်အများစုအနေဖြင့်လည်း အင်တာနက်မှတဆင့် မိမိနှစ်သက်ရာ Product များ၊ သင်တန်းကျောင်းများ၊ သတင်းအချက်အလက်များကို ရှာဖွေပြီးနှစ်သက်ရာ ရွေးချယ်ဝယ်ယူအသုံးပြုနေပြီဖြစ်ပါတယ်။ လုပ်ငန်းရှင်အများစုအနေဖြင့်လည်း ကိုယ်ပိုင် Website များမှတစ်ဆင့် ၄င်းတို့၏လုပ်ငန်းများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို စားသုံးသူများထံ အသိပေးရောင်းချခြင်းမျိုးကို လုပ်ကိုင်လာခဲ့ပါတယ်။ ဒါကြောင့် အနာဂါတ်ကာလမှ အင်တာနက်စီးပွားရေးစနစ်ဟာ မလွဲမသွေထွန်းကားလာမှာ အမှန်ဖြစ်ပြီး Online Shopping စနစ်ဟာလည်း တွင်ကျယ်လာမယ်လို့ ယူဆလို့ရပါတယ်။ အဲ့ဒီတော့ ကျွန်ုပ်တို့လို့ စားသုံးသူတွေအနေနဲ့ Online Shopping စနစ်နဲ့ Price Engine လို့ခေါ်တဲ့ ဈေးနှုန်းနှိုင်းယှဉ်ဝယ်ယူနိုင်သည့် စနစ်အမြန်ဆုံးတိုးတက်အောင်မြင်လာရေးကိုသာ စောင့်မျှော်နေမိမှာအမှန်ပဲဖြစ်ပါတယ်။

We're Here To Help!

Office

Building (9) Ground Floor,
MICT Park,  Hlaing Compus,
11052 Yangon.

Call Us

(+95-1) 01-652238